Pages

Tuesday, October 16, 2012

ဆီးချိုနှင့်ပတ်သက်လို့....


September 09, 2010 8:24 PM
Q: သဘာဝ အစားအစာ နဲ့ ဆီးချို သွေးချိုကို ချလို့ ရပါသလားဆရာ။ ရရင် ဘယ်လို အစားအစာတွေကို စားပြီး၊ ဘာတွေကို ရှောင်ကျဉ်သင့်တယ် ဆိုတာလေးပါ ပြောပြပေးပါဦးဆရာရေ။

ဆီးချို-သွေးချိုရောဂါ Diabetes mellitus (Diabetes) ဆိုတာ အနည်းဆုံး ၃ မျိုးရှိတယ်။

1. ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
2. (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။
3. ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။

(၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာ များတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲ ရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်။

ဆီးချိုကို မကုဘဲထားရင် သကြားဓါတ် နည်းလွန်းသွားတာ နဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တာတွေပါ။ ရေရှည်ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။

ဆီးချိုကိုကုတာမှာ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။
ကုသရတာ ရေရှည်ပါ။ သွေးထဲက အချိုဓါတ်ကို ပုံမှန်မှာ ရှိနေအောင် လုပ်ပေးနေရတာ ဖြစ်ပါတယ်။

အစားအသောက်ထိန်းတာ နဲ့ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေး နဲ့ လိုသေးရင်တော့ ထိုးဆေး ပေးရတယ်။ တချိန်တည်းမှာ လူနာကို ဆီးချိုအကြောင်း သိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ Lifestyle နေထိုင်မှုဘဝကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု(၃)မျိုးကို စားသုံးသင့်သည်။

1. လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
2. အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
3. ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။

• ပင်မအစားအစာတွေမှာ ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။
• သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် မျောက်ဥ (Yam)၊ မုန်လာဥနီ (Carrot)၊ ကန်စွန်းဥ၊ အာလူး၊
• ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး (Lentil)၊ ပဲထောပါတ်၊
• သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊
• နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် နွားနို့၊ ဒိန်ချဉ် (Yogurt)၊ နို့ဆီ၊ ရေခဲမုန့်၊
• သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊
• အချိုရည် အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ် (Lemonade)၊

နောက်ဆုံးက အစားတွေ တတ်နိုင်သမျှ ရှောင်ပါလေ။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။

Dr. တင့်ဆွေ
၁ဝ-၉-၂ဝ၁ဝ

0 comments:

Post a Comment