Pages

Tuesday, November 13, 2012

မြန်မာ့လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရ


မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးသည် နိုဝင်ဘာလ ၁၃ရက်နေ့ နံနက်က စက်ချို့ယွင်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။ မြန်မာ့လေကြောင်းမှ ခရီးစဉ် အမှတ် UBA-663၊ F-28 ခရီးသည်တင်လေယာဉ်သည် ရန်ကုန်-နေပြည်တော်-မန္တလေး-ဟုမ္မလင်း-မုံရွာခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၇နာရီ တွင် ထွက်ခွာခဲ့ရာ နေပြည်တော် လေဆိပ်သို့ အရောက်စက်ချို့ယွင်းမှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရ ကြောင်း သိရသည်။ "Technical error ကြောင့်လို့ ပြောရမှာပါ။ နေပြည်တော် လေဆိပ်မှာ ဆင်းလို့မရတဲ့အတွက် ရန်ကုန် လေဆိပ်ကို ပြန်လှည့်ခဲ့ရပါတယ်။ ရန်ကုန်လေဆိပ် အရောက်မှာတော့ Safety Landed အဖြစ် ဆင်းသက်နိုင်ခဲ့ပါတယ်" ဟု မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီး တစ်ဦးက ပြောပြခဲ့သည်။ အဆိုပါလေယာဉ်တွင် ခရီးသည် ၅၆ဦးနှင့် လေယာဉ်အမှူထမ်း ၅ဦး ပါဝင်ခဲ့ပြီး၊ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိအပြီးတွင်၊ မြန်မာ့လေကြောင်းမှ အခြားလေယာဉ်တစ်စီးဖြင့် ခရီးသည်များအား ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် F-၂၈ လေယာဉ် ၃စီး၊ MA-60 လေယာဉ် ၃စီး၊ ATR ၃စီး၊ Beech-1900D လေယာဉ် ၂စီးဖြင့် ခရီးစဉ်များကို ပြေးဆွဲလျက် ရှိသည်။ အဆိုပါလေယာဉ်များ အနက် F-၂၈ လေယာဉ်များမှာ သက်တမ်းကြာမြင့်ပြီဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ လေယာဉ်၂စီးအား အငှားဝယ်ယူစနစ်ဖြင့် ၀ယ်ယူထားပြီး၊ အဆိုပါ လေယာဉ်များအနက် ၁စီးမှာ ဒီဇင်ဘာ ၂၇ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သတင်းရရှိပါသည်။
credit to>>>eleven media

0 comments:

Post a Comment