Pages

Sunday, November 18, 2012

ပိုးသတ်ဆေး အကြွင်းအကျန် ပါဝင်သော အညစ်ညမ်းဆုံး အစားအစာများ စာရင်း

16 NOVEMBER 2012 

ဩဂဲနစ်စားစရာ ဆိုတာဟာ စိုက်ပျိုးတဲ့အချိန်မှ ဈေးဆိုင်ပေါ် ရောက်သည်အထိ ပိုးသတ်ဆေး နှင့် ဓာတုမြေဩဇာ များ အသုံးပြု ထားခြင်းမရှိတဲ့ စားစရာ များဖြစ်ပါတယ်။ ဩဂဲနစ်စားစရာများ စိုက်ပျိုးခြင်းကြောင့် လယ်ယာ လုပ်သားတွေနဲ့ လယ်ယာနီး ချင်းတွေဟာ ပိုးသတ်ဆေးတွေနဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနှင့် ထိတွေ့မှု မရှိတော့ပါဘူး။ မြေဆီလွှာ ကိုလည်း 
မပျက်စီးစေဘဲ ပိုမိုကောင်းမွန် စေပါတယ်။ လူသားတွေ အတွက် လည်း ဩဂဲနစ် စားစရာတွေဟာ ကောင်းကျိုးတွေ များစွာရှိပါတယ်။ စားစရာထဲမှာ ကြွင်းကျန် ခဲ့တဲ့ ပိုးသတ်ဆေးကို ရှောင်ရှားနိုင်ရုံသာမက ဩဂဲနစ် စားစရာတွေထဲမှာ အာဟာရ ဓာတ်များလည်း ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။ ဩဂဲနစ်မဟုတ်တဲ့ စားစရာထဲ မှာပါဝင်တဲ့ ပိုးသတ်ဆေး ပမာဏဟာနည်းပါးလို့ ကျန်းမာရေးကိုထိခိုက်စေမှု အများကြီး မရှိနိုင်ရင်တောင်မှ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့စို့ကလေး မိခင်တွေကတော့ သတိထားရှောင်ရှားပြီး ဩဂဲနစ် စားစရာများကိုသာ ရွေးချယ်စားသုံးကြပါတယ်။
ဒါပေမယ့် ဩဂဲနစ်စားစရာတွေဟာ ဈေးကြီးခြင်း၊ ဝယ်ယူရရှိရန် ခက်ခဲခြင်း စတာတွေကြောင့် အကန့်အသတ်ရှိနေတဲ့ အခြေအနေမျိုးမှာ အညစ်ညမ်းဆုံး အစားအစာ ၁၂ မျိုး ကို ရှောင်ရှားမယ် ဆိုရင်တောင်မှ မဆိုးလှပါဘူး။ Environmental Working Group ဆိုတဲ့အဖွဲ့က လယ်ယာစိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေနဲ့ အစားအစာတွေထဲက ပိုးသတ်ဆေး အကြွင်းအကျန်ပမာဏကို တိုင်းတာပြီး အဆင့်ခွဲခြားခဲ့ပါတယ်။ အဲဒီအခါ ပိုးသတ်ဆေးအြွကင်းအကျန်အများဆုံး အညစ်ညမ်းဆုံး အစားအစာ ၁၂ မျိုး ပေါ်ထွက်လာခဲ့ပြီး အဲဒီ ၁၂ မျိုးကိုသာ ရှောင်ရှားနိုင်ခဲ့ရင် (မစားဘဲ နေခိုင်းခြင်း မဟုတ်ဘဲ ဩဂဲနစ်ဖြစ်တာကို ရွေးချယ်စားသောက်ခဲ့ရင်) ပိုးသတ်ဆေးနဲ့ ထိတွေ့မှု ၈၀ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ၁၂ မျိုးရဲ့ စာရင်းကို Dirty Dozen List လို့ အမည်ပေးထားပါတယ်။

ပန်းသီး

ပန်းသီးဟာ ၂၀၁၁ ခုနှစ်ရဲ့ Dirty Dozen List (ညစ်ညမ်းအစား အစာစာရင်း)ရဲ့ ထိပ်ဆုံးပိုင်းမှာ ပါဝင် ပါတယ်။ ပန်းသီးမှာ ပိုးသတ်ဆေးမျိုး ကွဲပေါင်း ၄၀ ခန့် စမ်းသပ်တွေ့ရှိရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှိုနဲ့ အခြား အင်းဆက် ပိုးမွှားတွေရဲ့ရန်ကို ကြောက်ရတာကြောင့် ကျတဲ့ပိုးပေါ် မူတည်ပြီး ယာသမားက ချက်ချင်း ဖျန်းပေးရတာကြောင့်ပါ။ ဒါကြောင့် ပန်းသီးဖျော်ရည်၊ ပန်းသီးဆော့စ် စတာတွေမှာပါ ညစ်ညမ်းနေတာ မဆန်းပါဘူး။ ပန်းသီးနဲ့ ပတ်သက်တဲ့ စားသောက်စရာမှန်သမျှ ဩဂဲနစ်ကို ဝယ်ယူတာ အကောင်းဆုံးပါပဲ။ အချို့ ကတော့ ပန်းသီးကို အခွံထူထူ နွှာ စားဖို့ အကြံပေးကြတယ်။ ဒါပေမယ့် အဲဒါကလည်း အခွံနဲ့ အခွံရဲ့ အနီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံး ရတာမို့ မကောင်းလှပါဘူး။

တရုတ်နံနံ

နောက်တစ်မျိုးကတော့ တရုတ် နံနံပင်ပါ။ USDA ရဲ့ စမ်းသပ်ချက် တွေအရ တရုတ်နံနံမှာ ပိုးသတ်ဆေး အကြွင်းအကျန် အမျိုးအစားပေါင်း ၆၀ ကျော်တွေ့ရှိရပါတယ်။ ဩဂဲနစ် တရုတ်နံနံကို အသုံးပြုပါ။ ဒါမှမဟုတ် အခြား အမွှေးရသာ အစားထိုး စရာအဖြစ် ကြက်သွန်မြိတ်စတာ တွေကို သုံးပါ။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးဟာလည်း မှိုပိုးအကျမြန်တဲ့အတွက် ယာသမား တွေဟာ ဆေးဖျန်းရပါတယ်။ စတော် ဘယ်ရီသီးမှာ ပိုးသတ်ဆေး ၆၀ မျိုးခန့် တွေ့ရပါတယ်။ ဩဂဲနစ် စတော်ဘယ်ရီသီးကို ရှာမရရင် ကီဝီ သီး၊ နာနတ်သီးတို့ကို အစားထိုးစား သုံးပါ။
မက်မွန်သီး
Dirty Dozen List မှာ ပါဝင် တဲ့ သစ်သီးနောက်တစ်မျိုးပါ။ ပိုးသတ် ဆေး ၆၀ ကျော်တွေ့ရပြီး ဖရဲသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုစတဲ့ အသီးတွေ နဲ့ အစားထိုးစားသုံးနိုင်ပါတယ်။

Spinach (မုန်ညင်းတစ်မျိုး)

Spinach ဆိုတဲ့ မုန်ညင်း မျိုးနွယ် အရွက်ဟာ ပိုးသတ်ဆေး ၅၀ မျိုးခန့် ပါဝင်ပါတယ်။

ဆားချိုသီး

ဆားချိုသီးမှာ စီးပွားဖြစ် စိုက် ပျိုးတဲ့ အသီးတွေမှာ ပိုးသတ်ဆေး ၃၃ မျိုးခန့် ပါဝင်နေတာကို စမ်းသပ် တွေ့ရှိပါတယ်။ စပျစ်သီး စပျစ်သီးမှာ ပိုးသတ်ဆေး ၃၀ ကျော်ခန့် စမ်းသပ်တွေ့ရှိပါတယ်။ ဩဂဲနစ်စပျစ်သီး၊ ဩဂဲနစ်စပျစ်ဝိုင် တို့ကို ရွေးချယ်ပါ။

ငရုတ်ပွသီး (ပန်းငရုတ်သီး)

Sweet Bell Pepper လို့ ခေါ်တဲ့ ခေါင်းလောင်းပုံ ငရုတ်ပွသီး များမှာ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်စသဖြင့် ရောင်စုံရှိပါတယ်။ ၄င်းမှာ ပိုးသတ်ဆေး ၅၀ နီးပါးခန့် တွေ့ရှိထားပါတယ်။ အာလူးသီး အာလူးဟာ အမေရိကန်တွေ အကြိုက်များတဲ့ စားစရာဖြစ်ပါတယ်။ ၄င်းမှာ USDA ရဲ့ စမ်းသပ်ချက်အရ ပိုးသတ်ဆေး ၃၅ မျိုးခန့် တွေ့ရှိ ထားပါတယ်။ အာလူးထည့်ရမယ့် နေရာမှာ ကန်စွန်းဥကို အစားထိုးစား သုံးမယ်ဆိုရင် ပိုးသတ်ဆေး ပါဝင်မှု နည်းပါးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ပိုးသတ် ဆေး ၅၀ ကျော် တွေ့ရှိထားပြီး Dirty Dozen List ထဲမှာ ပါဝင်နေ ပါတယ်။ ကံမကောင်းတာက Cranberries နဲ့ Cherries (ချယ်ရီသီး) တွေဟာ Dirty Dozen List ထဲမှာ မပါဝင်သော်လည်း သန့် ရှင်းတဲ့ အစားအစာ စာရင်းထဲ မှာတော့ မပါလို့ အစားထိုး မစားရပါဘူး။

မုန်ညင်းဖြူထုပ်နှင့် ကိုက်လန်

မုန်ညင်းဖြူထုပ်ဟာ ပိုးသတ် ဆေး ၅၀ ကျော်တွေ့ရှိရပြီး ဩဂဲနစ် မုန်ညင်းဖြူကို ရှာမရရင် ကညွတ် အစားထိုး စားသုံးပါ။ ကိုက်လန်မှာ လည်း ပိုးသတ်ဆေး ၄၅ မျိုးကျော် ပါဝင်ပါတယ်။ ပဲပင်ပေါက်၊ မုန်လာ ထုပ်တို့ကို အစားထိုးစားသုံးနိုင်ပါ တယ်။

ဆလတ်ရွက်

အစိမ်းရောင်၊ ခရမ်းရောင် စတဲ့ ဆလတ်ရွက်များဟာ တို့စရာ၊ အသုပ် စသဖြင့် စားလို့ကောင်းပါတယ်။ စူပါ အစားအစာ (Super Food) ထဲမှာ လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူ့မှာ ပိုးသတ်ဆေး ၄၅ မျိုးခန့် ပါဝင် နေပါတယ။

ခိုင်မွန်ကျော်

အေးချမ်းမွန်မှ HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : HEALTH DIGEST


credit to >> aye chan mon (FB)

0 comments:

Post a Comment