Pages

Saturday, November 10, 2012

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ


အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆို တယ်.ဗုဒ္ဓဘာသာအမည်ခံတွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထားသင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သောဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်…..
၎င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’sTeaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက် အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်လို့ထင်ပါတယ်..

၎င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့် ဓမ္မကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ် သရဏဂုံဆောက်တည် ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟု စိတ်တွင် သရဏဂုံ ဆောက် တည်ပြီး သူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင် ကိုသေချာ နားလည်သဘောပေါက် လောက်ပါပြီ…

ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်းနှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံ ဆိုသည်မှာအရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည် ကိုးကွယ်ခြင်း ပင်ဖြစ်သည်… လောကုတ္တရာ သရဏဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်။လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုး စီးပွားအတွက် သော်လည်းကောင်းကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘော ပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီသရဏဂုံတည်သူများဟုခေါ်ပါသည်…

ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်းပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်…

ဗုဒ္ဓမြတ်စွာ ဘုရားကဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြား မှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……အောက်ပါ အင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်……
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကို ယုံကြည်ခြင်း )(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိအသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်းဖြစ်သည် ။

ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကိုမယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှသွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များသာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ ရှိကြ သည်ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့် အညီ လိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူးထဲပင် မထည့်ကြပင်….

ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်း စားဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။

ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညိုသောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာ ကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံမှန်ကန် စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။

ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ ပဲစစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်လောက်ပါပြီ ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာ ၀င်များလောအောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျွန်တော့်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်း စားဗုဒ္ဓဘာသာ ၀င်များဖြစ်ကြပါစေဗျာ……ဆရာဝင်းသိန်းဥိးရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားပါသည်။
 http://buddhismbeams.blogspot.sg မှပြန်လည်ကူးယူခြင်းဖြစ်ပါသည်.....

0 comments:

Post a Comment